လွမ်းဆွေးတမ်းတ သတိရခြင်းတွေကို ရေလောင်းပေါင်းသင် မပေးချင်ပါဘူးလေ

in #myanmar8 years ago

မင်္ဂလာပါ ...
Original image no longer available

လွန်ခဲ့သော နှစ်များစွာက အဖြစ်အပျက်လေးတွေမှ
ခံစားခဲ့ရသမျှကို ရေးဖွဲ့ထားခဲ့တဲ့ ကဗျာလိုလို စာဆို
ခဲ့တာလေးများ ချပြပေးလိုက်ပါတယ်....

လွမ်းဆွေးတမ်းတ သတိရခြင်းတွေကို
ရေလောင်းပေါင်းသင် မပေးချင်ပါဘူးလေ

  • လွမ်းဆွေးတမ်းတ သတိရခြင်းတွေကို
    ရေလောင်းပေါင်းသင် မပေးချင်ပါဘူးလေ...

ရပ်တည်မှု တစ်ခု အတွက်
ရုန်းကန်ကြိုးစားနေရချိန်
ပန်းသီတဲ့ ကြိုးလေး အဖြစ် နေဖို့
စိတ်ကူး မယဉ်ချင်တော့ဘူး
ဒီဘဝ ဒီမျှနဲ့ ဆိုရင်လည်း
လှပခဲ့ဖူးတဲ့ အချိန်တွေကိုပဲ
အမြဲ သတိရနေဦးမှာပါ။

  • ရှေ့ဆက်ဖို့ အတွေး ရေးရေးလေးနဲ့
    မဝေးပါရစေနဲ့...
    မခွဲပါရစေနဲ့...
    လို့
    ဆုတောင်းနေရုံနဲ့လည်း မထူးဘူး မဟုတ်လား။

ရာသီတွေလည်း ပြောင်းခဲ့အလီလီ
နှစ်တွေလည်း ညောင်းခဲ့လေပြီ...
နီးဖို့ အတွက် ဝေးခဲ့ကြတယ်
ဆုံစည်းဖို့ အတွက် ခွဲခွာခဲ့ကြတယ်

ခုတော့လည်း...
အကြောင်းသင့်ရင်တော့ ဆိုတဲ့
မျှော်လင့်ချက်နဲ့ပဲ အသက်ဆက်လို့
လွမ်းဆွေးတမ်းတ သတိရခြင်းတွေကိုတော့
ရေလောင်းပေါင်းသင် မပေးချင်ပါဘူးလေ။

..... ဟိန်းခန့်မောင် .....

လွန်လေပြီးသောကာလ ကျွန်တော် လူပျိုဘဝ
အသက် ၂၅ ကျော် ၃၀ မရောက်ခင်ကပေါ့...
ကျွန်တော့်မှာ ချစ်ရသူ တစ်ဦး ရှိခဲ့ပါတယ်။

သူမကလည်း ဘွဲ့ရပြီးစ အစိုးရဝန်ထမ်း စဖြစ်ခါစမှာ
မိဘကလည်း မပြည့်စုံ၊ အကြီးဆုံးသမီး ဖြစ်လေတော့
မပြည့်မစုံနဲ့ နှစ်ယောက်တစ်ဘဝ တည်ထောင်ကြဖို့
ဝန်လေးနေချိန်မှာ...
ကျွန်တော်ကလည်း ချစ်သူကို ကတ္တီပါ ဖိနပ်စီး၊
ရွှေထီးပဲ ဆောင်းစေချင်သူ ပီပီ... ခရောင်းလမ်းကို
အတူလက်တွဲ လျှောက်ဖို့ မခေါ်ဝံ့လေတော့...

ကျွန်တော်ဟာ
ဧရာဝတီကို သက်သေပြု ချင်းတွင်းကို အဖော်လုပ်လို့
ဟုမ္မလင်းမြို့နယ်ထဲ ဥရုချောင်းဝန်းကျင်က ရွှေမှော်
တွေဆီ ထွက်ပြေးခဲ့ဖူးပါတယ်။

ထိုဆီရောက်ပြီး လပိုင်းလောက်ထိတော့ ချစ်သူနဲ့
အဆက်မပြတ်ခဲ့သေးဘဲ လွမ်းဆွေးတမ်းတ နေခဲ့
မိပါတယ်။ ထို့နောက်မှာတော့ မပြေလည်တဲ့ ဝမ်းရေး
အကြောင်းကို ချစ်သူအား ဖွင့်ဟဖို့ ခက်ခဲခဲ့လေတော့
ကျွန်တော်ဟာ
လွမ်းဆွေးတမ်းတ သတိရခြင်းတွေကို
မေ့နိုင်သမျှ မေ့ပစ်ဖို့ အရက်သောက်ခဲ့ဖူးပါတယ်။
နောက်ပြီး ချစ်သူကို အဆက်အသွယ် ဖျက်ပစ်ခဲ့ပါတယ်။
ဟုတ်တယ်လေ... မသေချာ မရေရာတာတွေ များတဲ့
ဘဝမှာ မပြေလည်တာတွေကို ရင်ဆိုင်နေရချိန်
ဒုက္ခတွင်းထဲ ချစ်သူကို ဝဲမလည်စေဖို့ ရင်နာနာဖြင့်
အဆက်ဖျက်ပစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ လွမ်းဆွေးတမ်းတ
သတိရခြင်းတွေကိုလည်း သက်ဆိုးရှည် မနေစေဖို့
ရေလောင်းပေါင်းသင် ပေးသလို ဖြစ်နေတဲ့ ရည်းစားဘဝ
ကို အဆုံးသတ်ပစ်မိခဲ့တာပါ။

အစကတော့ နီးစပ်ဖို့ ခဏ ခွဲခွာကြမယ်...ဆိုတဲ့
အတွေးမျိုးဖြင့် ခွဲခွာခဲ့ပြီး ...
မဝေးပါရစေနဲ့ ဆုတောင်းတွေ မပြည့်ခဲ့သည့်နောက်မှာ
ကွဲကွာနေရခြင်းကို အဆက်ဖျက်ခြင်းဖြင့် အတည်ပြုလို့
ရင်ကွဲပက်လက် နာကျင်စွာ အရက်ရဲ့ ကျေးကျွန်သဖွယ်
ဖြစ်ခဲ့ဖူးပါတယ်။

အကြောင်းသင့်ရင်တော့ ပြန်ဆုံနိုင်ကောင်းပါရဲ့လို့
မျှော်လင့်ချက် ကောက်ရိုးတစ်မျှဉ်တော့
နှလုံးသားထဲ ကျန်ရှိနေခဲ့ရင်း ဘဝကို ရင်ဆိုင်အန်တု
ရုံမကဘဲ ရန်ပြုခဲ့တာတွေလည်း ရှိခဲ့ပေါ့...

နောက်ဆုံးမှာတော့ ဖူးစာပါတယ် ပဲ ပြောရမလား...
သစ္စာတိုင်တည်ခဲ့တာတွေ ပဲ ပြည့်ခဲ့လေသလား...
ကျွန်တော်တို့ ချစ်သူနှစ်ဦးဟာ ပေါင်းဖတ်ခဲ့ရပါတယ်ဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
Original image no longer available

MSC - 193
@billionairehein

Sort:  

ဖူးစာပါ​တော့အခက်​အခဲဘယ်​လိုရှိရှိလက်​တွဲရတာပါဘဲ👍👍

Posted using Partiko Android

ဟုတ်မယ် ထင်ပါတယ်

Posted using Partiko Android

အံမယ်လေးဗျာ ခေါင်းစဉ်ကိုက
ကြွေဆင်းသွားရပါပြီလေ....

အဲဒါလေးတွေနဲ့ သံယောဇဉ် ကြိုးကို ကျစ်ရတာဗျို့

Posted using Partiko Android

မှန်​တာ​ပေါ့ ဗျာ အလွမ်း​တွေကို ​ရေ​လောင်း​ပေါင်းသင်​​နေမယ့်​အစား
အချစ်​​တွေကိုဘဲ​ရေ​လောင်း​ပေါင်းသင်​​နေတာအ​ကောင်းဆုံးပါ

အချစ်တွေကိုတော့ မြေဩဇာပါ ကျွေးဦးမှာ😁

Posted using Partiko Android

လွမ်းလို့ကျန်‌ရစ်‌မှာအားနာပါတယ်‌‌လေ။

တစ်ချိန်တစ်ခါက အလွမ်းများပါပေ😁

Posted using Partiko Android

ဖက် လိုက် လို့ ပေါင်း ရ တာ အဲဒါကြောင့် ပေါင်း ဖက် သွား တာ ပဲ မဟုတ်လား ကိုဟိန်းရေ

ဖတ်ပေါင်းပေါ့ဗျာ😁

Posted using Partiko Android

ဒါမျိုးလေးတွေဖတ်ရတာ အားရှိပါဘိ ကျနော်ကတော့ခုမှကြိုးစားနေတုန်းပါဘဲဗျာ

ချစ်ပြတတ်ရင် ရပါလိမ့်မည် ကြိုးစားပါ😁

Posted using Partiko Android

အလွမ်း​တွေကို​ရေ​လောင်း​ပေါင်းသင်​ဘို့မ​ပြောနဲ့ အပင်​​တွေပါဆွဲနုပ်​ပြစ်​လိုက်

Posted using Partiko Android

ဆွဲနုတ်ပစ်ခဲ့ပေမယ့် အမြစ်တွယ်နေခဲ့ပြန်တယ်😁

Posted using Partiko Android

အချစ်နွံလေးရော ဆက်ပါဦးဥဥဟိန်းရေ ။

နွံထဲက မထွက်နိုင်သေးလို့ ဆက်မရေးရသေးတာ😁

Posted using Partiko Android

စာအရေးအသားလေးတွေအရမ်းကြိုက်တယ်ဗျာ

ခံစားချက်လေးတွေပါဗျာ

Posted using Partiko Android

ကဗျာတေဆန်😁

Posted using Partiko Android

Feeling တွေကို ကဗျာဖွဲ့လို့သာပေါ့

Posted using Partiko Android